Showing posts with label ဗမာ. Show all posts
Showing posts with label ဗမာ. Show all posts

Monday, August 1, 2011

အမေရိကန်မဲဆောက်


“အမေရိကန်မဲဆောက်”

အဲဒီမြို့ဟာ
လူများပြီး ပွဲမစည်တဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
အရူးကို လင်လုပ်ထားရတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
ဂလိုဘယ်လ်ဆန်ဆန် လူမျိုးစုံပြီး
ဂလိုဘယ်လ်ဆန်ဆန်လည်း ပြဿနာစုံတယ်...

အဲဒီမြို့မှာ
တယောက်နဲ့တယောက် အကြောင်းညီညွတ်ရင်
ဘောင်းဘီချွတ်လို့ရတဲ့ နောက်မီးလင်းညနေခင်းတွေလည်းရှိတယ်...

အဲဒီမြို့ဟာ
တယောက်နှစ်ပေါက်နဲ့ နှစ်ယောက်မှာလေးခြမ်းကွဲပြီး
အယူတိမ်းလို့ နတ်စိမ်းဖြစ်နေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
ပါတီနဲ့မွေးနေ့ပွဲတွေမှာ လူများသလောက်
နိုင်ငံရေးအခမ်းအနားတွေမှာ တစ္ဆေခြောက်နေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့မှာ
ဆွေမျိုး၇ဆက်လမ်းဖောက်ပြီး အိမ်လွမ်းသူတွေရှိသလို
ဇာတိငတ်နေတဲ့ တကောင်ကြွက်သူပုန်တွေလည်းရှိတယ်...

အဲဒီမြို့မှာ
ဒယ်ဘယ်လ်ချာ့တ် စတိုးဆိုင်တွေများသလို
ရွှေအတု ငွေအတု စိန်အတု လိင်အတု ဘာသာအတု လူနာအတုနဲ့
အဖေအမေအတု အရေးအခင်းအတု လူအတုတွေလည်းများတယ်...

အဲဒီမြို့မှာ
ဂြိုလ်တုစလောင်း အင်တာနက်တွေထက်အားကောင်းတဲ့
ရပ်ကွက်သတင်းကွန်ယက် အင်တာပျက်တွေလည်းရှိတယ်...

အဲဒီမြို့မှာ
အမေရိကန်ရောက် အန်တီမဲဆောက်တွေရှိသလို
ပြန်တော်ပြန် အန်ကယ်လ်အမေရိကန်တွေလည်းရှိတယ်...

အဲဒီမြို့ဟာ
ရသမျှဖရီးရိုက်တတ်တဲ့ အချောင်စရိုက်တွေနဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
ယဉ်ကျေးမှုခြေရာပျောက်ပြီး နိုင်ငံရေးရေနောက်နေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
လူမှုရေးနွားကွဲလို့ စီးပွားရေးကျားဆွဲခံနေရတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
ခေါင်းမော့ပြီး လေထဲကို တံတွေးထွေးနေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
လေထဲမှာ တိုက်ဆောက်နေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
“က” နဲ့ “ယ”၊ “ေ” နဲ့ “ခ” မှားရေးနေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့မှာ
မျက်မှန်နဲ့အကိုကြီးပြောတဲ့
ဖေဂါ (Figure) တွေပေါပြီး မိတ်ကာ (Maker) တွေရှားတယ်...

အဲဒီမြို့မှာ
နိုင်ငံရေးအလှည့်အပြောင်းတိုင်း ဂျီးဒေါ်နွားကျောင်းနေရတဲ့
မိတ်ကာ(Maker) စစ်စစ် ရာဇဝင်”ဗိုလ်ချစ်”နေတယ်...။ ။


http://saungyunela.blogspot.com

Sunday, November 21, 2010

တော်လှန်ရေးကဗျာ





တော်လှန်ရေးကဗျာ

အားလုံးက ပြောကြတယ်
ဒို့တွေဟာ တော်လှန်ရေးသမားတွေ..တဲ့
တော်လှန်စရာမရှိရင် ကိုယ့်ကိုယ်ကိုပြန်တော်လှန်ရမယ်..။

တချို့တွေကလည်း ပြောပြန်တယ်
တော်လှန်ရေးဟာ အပြားကြွယ်တယ်
ဒါကြောင့် အပြားလိုက်ပဲ ဖြစ်သင့်တယ်..။

တချို့ကတော့ ဆိုကြပါတယ်
တော်လှန်ရေးဆိုတာ အလျားကျယ်တယ်
ဒီအတွက် အလျားလိုက်ပဲ တော်လှန်သင့်တယ်..။

တချို့ကတော့ အမြင်ကတစ်မျိုး
တော်လှန်ရေးဆိုတာ အစဉ်အဆက်ပါ
ဒါကြောင့် စဉ်ဆက်မပြတ်တော်လှန်ရေးပဲကောင်းတယ်..။

တချို့တွေကတော့ အဆန်းဆိုတယ်
တော်လှန်ရေးဆိုတာ စက်ဝိုင်းပဲ
ဒီတော့ ပတ်ချာလည်တော်လှန်ဖို့ အားပေးပြန်တယ်..။

တချို့ကလည်း နှိုင်းယှဉ်ပြတယ်
တော်လှန်ရေးဆိုတာ အနုပညာပဲတဲ့
ဒါကြောင့် အနုပညာဆန်ဆန်တော်လှန်မယ်...။

တချို့ကတော့ ဒီလိုဖွင့်ဆိုတယ်
တော်လှန်ရေးဆိုတာ ကွင်းဆက်တွေ
ကွင်းဆက်တွေ ဆက်ပြီးတော်လှန်ကြမယ်..။

တချို့ကလည်း အတတ်ဟောတယ်
တော်လှန်ရေးဆိုတာ သိပ္ပံပဲ..
ဒီတော့ သိပ္ပံနည်းကျ တော်လှန်ရေးကို ချဉ်းကပ်စို့..။

တချို့ကလည်း တမျိုးတွေးကြတယ်
တော်လှန်ရေးဆိုတာ ချီတက်တာ
ချီတက်ရင်းတော်လှန်၊ တော်လှန်ရင်းချီတက်မယ်..။

တချို့ကတော့ နဲနဲဝင်ပြောတယ်
တော်လှန်ရေးဆိုတာ သချာင်္ပဲ
ဒါကြောင့် ပုစ္ဆာတစ်ပုဒ်ကစပြီး တော်လှန်တယ်..။

ဒါပေမယ့်...... အားလုံးက ပြောကြတယ်
ဒို့တွေဟာ တော်လှန်ရေးသမားတွေ..တဲ့
တော်လှန်စရာမရှိရင် ကိုယ့်ကိုယ်ကိုပြန်တော်လှန်ရမယ်..။

လဂွန်းအိန်/မျိုးသက်ပိုင်

Saturday, September 25, 2010

မှာပါရစေ ပြောပါရစေ

ဦးမိုးဟိန်း (သားဂျာနယ်ကျော်) ၂၀၁၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ရက်တွင် ကွယ်လွန်သည်။

မှာပါရစေ ပြောပါရစေ

(၁)

ကိုယ်သေရင် မငိုနဲ့
ပါးစိုရုံ ရှိမှာပေါ့။

သပိတ်မသွတ်နဲ့
လွတ်ပြီးသား ကျွတ်ပြီးသား။

ထမင်းမထုပ်နဲ့
သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့ အိုးမလို
ဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက် ယူမသွားနဲ့
ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့
သံသရာကြီးမှာ လည်ခဲ့သူ။

(၂)

ကိုယ်သေရင် မငိုနဲ့
ကြိုကြိုပြီး သေထားသူ။

“ဘုရားရှင်ရဲ့ ဂုဏ်တော်”ကို မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့
မရဏမင်းဆီ ပျော်ပျော်သွားမှာ။

ပြီးတော့ ဆက်ပြောပါရစေ...
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ် မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့
ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။

လူသာဆုံးတာ ကျန်တာ မရှုံးဘူး
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။

မိုးးဟိန်း (သားဂျာနယ်ကျော်)
၂၀၁၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ရက်တွင် ကွယ်လွန်သည်။
(၁၃၇၂ ခုနှစ် ၀ါဆိုလပြည့် ဓမ္မစကြာနေ့ နောက်ဆုံးရေးခဲ့သည့်ကဗျာ)

(၂၀၁၀ပြည့်နှစ် သြဂုတ် ၂၀ ရက်ထုတ် Bi Weekly Eleven ဂျာနယ်၊ အတွဲ ၃ အမှတ် ၂၁ တွင် ဖော်ပြပါရှိခဲ့ပါသည်။)